တာချီလိတ် စက်တင်ဘာ ၂၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ရေကြီးရေလျှံ ဖြစ်ပေါ်ခဲ့ပြီးနောက် တင်ကျန်ရစ်သော အမှိုက်များ၊ ရွှံ့နွံများကို စည်ပင်သာယာရေးဌာနမှ သန့်ရှင်းရေးဝန်ထမ်းများက ယနေ့တိုင် ဆက်လက်ရှင်းလင်းဖယ်ရှားလျက်ရှိကြောင်း သိရသည်။
အစောပိုင်းက မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေမြင့်တက်ကာ ရေကြီးရေလျှံရေလွမ်းမှု အကြီးအကျယ် ဖြစ်ပေါ်ခဲ့ရာ၌ ဆက်သွယ်သွားလာရေး ပိတ်ဆို့လုနီးနှင့်ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။
အရေးပေါ်ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပြီးကယ်ဆယ်ရေးလုပ်ငန်းများကို နယ်မြေခံတပ်မတော်သားများနှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးအဖွဲ့မှ တာဝန်ရှိသူများ၊ လူမှုကူညီရေးပရဟိတအသင်းများက စက်ယန္တရားအကူအညီဖြင့် ကူညီကယ်ဆယ်ရေးနှင့် ရပ်ကွက်များတွင် ပိတ်ဆို့နေသောအမှိုက်များ၊ ရွှံ့နွံများကို အချိန်နှင့်တပြေးညီရှင်းလင်းဖယ်ရှားပြီး သန့်ရှင်းရေးလုပ်ငန်းများကို ဝိုင်းဝန်းလုပ်ဆောင်ခဲ့ကြသည်။
ရွှံ့နွံများ၊ အမှိုက်များသိမ်းဆည်းဖယ်ရှားရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို စည်ပင်သာယာရေးမှ ယနေ့ထိလုပ်ကိုင် ဆောင်ရွက်လျက်ရှိပြီး တာချီလိတ်မြို့တွင် မိုးများရွာသွန်းမှုမရှိသော်လည်း မြို့၏အထက်ပိုင်းတောင်ပေါ်ဒေသများတွင် မိုးရွာသွန်းမှုကြောင့် ယမန်နေ့က နန့်ယွန်းချောင်းရေလျှံမှုဖြစ်ပေါ်ခဲ့ကာ ဝမ်းကောင်းရပ်ကွက် ဘုရင့်နောင်စျေးတဝိုက် လမ်းများပေါ်တွင် ရေလျှံမှုများထပ်မံဖြစ်ပေါ်ခဲ့ကြောင်း၊ စည်ပင်သာယာရေးဌာနအနေဖြင့် ဦးစားပေးအလိုက်နေ့စဉ် ရွှံနွံအမှိုက်များကို ဖယ်ရှားရှင်းလင်းလျက်ရှိကြောင်း သိရသည်။
ယာဆေး( ပြန်/ဆက်)