လှိုင်မြို့နယ်တွင် ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ဝယ်ယူနိုင်ရေး နေ့စဉ်ရောင်းချပေး

လှိုင်   စက်တင်ဘာ   ၂၁

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ နေ့စဉ်ရောင်းချပေးလျက်ရှိရာ လှိုင်မြို့ နယ်တွင်လည်း အမှတ်(၁၅)ရပ်ကွက်၊ သစ်စက်၀င်းလမ်း၊ ဓမ္မာရုံတွင် ယမန်နေ့ နံနက် ၀၉:၃၀ နာရီအချိန်မှစတင်၍ ရောင်းချပေးလျက် ရှိကြောင်းသိရသည်။

ထိုသို့ ရောင်းချရာတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှုရှိစေရေးနှင့် ပြည်သူများအဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေးတို့အတွက် လှိုင်မြို့နယ်အုပ်ချုပ်ရေးစစ်ကြောင်းမှ ဦးဆောင်၍ ကြီးကြပ်ကူညီဆောင်ရွက်ပေးလျက်ရှိကာ တရားဥပဒေစိုးမိုးရေးစစ်ကြောင်း၊ ကျန်းမာရေးစစ်ကြောင်းတို့တွင်ပါဝင်သည့် ဌာနဆိုင်ရာများက နေအိမ်ပြင်ပထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာ ကျင့်သုံးနိုင်ရေးအတွက် ပါးစပ်နှင့်နာခေါင်းစည်းများ တပ်ဆင်ရေးလှုပ်ရှားမှုပြုလုပ်ပြီး နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခြေခံစားသောက်ကုန်များကို ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၇၀၀/-ကျပ်၊ စားဆီတစ်ပိဿာလျှင် ၄၈၀၀/-ကျပ်၊  ကြက်ဥတစ်လုံးလျှင် ၁၇၅/-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ကျော်ရဲအောင်