အမရပူရမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ပြီး နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ

အမရပူရ စက်တင်ဘာ ၂၁

အမရပူရမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဌာနဆိုင်ရာများမှ အသိပညာပေးလုပ်ငန်းဆောင်ရွက်ပြီး နှာခေါင်းစည်း (၁,၀၀၀) ကို ယနေ့နံနက် ၈ နာရီခွဲအချိန်က စစ်ကိုင်း-မန္တလေးကားလမ်း မှန်တန်းနယ်မြေ နန်းတော်ရာစျေးအနီးတွင် အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပွားလျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများကို အမရပူရခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက အနီးကပ်ကြီးကြပ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးအောင်ထွန်း ဦးဆောင်ပြီး ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတို့မှ ပူးပေါင်း၍ နန်းတော်ရာစျေးအတွင်းရှိ စျေးရောင်း၊ စျေးဝယ်များ၊ စစ်ကိုင်း-မန္တလေးကားလမ်းပေါ်တွင် သွားလာလျက်ရှိသော ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နေအိမ်တွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေအပြင်ထွက်ရပါက နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ကြပါရန်နှင့် လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းမှ ရှောင်ကျဉ်ရန်၊ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့် (၂၀) ကြာအောင် စနစ်တကျဆေးကြောရန်၊ လက်ဆေးခြင်း မပြုမီ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ကိုင်တွယ်ခြင်း မပြုလုပ်ရန် စသည့် သတိထားလိုက်နာရမည့် အချက်များကို အသိပညာပေးပြောကြားခဲ့ပြီး နှာခေါင်းစည်း (Mask) များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)