ကျောက်ပန်းတောင်း စက်တင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ကျောက်ပန်းတောင်းတပ်နယ် မိသားစုများမှ ပြည်သူများအတွက် စားသောက်ကုန်ပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် (၆) နာရီခွဲက မြို့မစည်ပင်သာယာဈေးအနောက်ဘက်၊ ဈေးကွက်သစ်ရပ်ကွက်ရှိ မြို့မရဲစခန်းရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဈေးရောင်းချပေးရာတွင် ကျောက်ပန်းတောင်းတပ်နယ်မိသားစုများမှ ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆန်၊ ကြက်ဥ၊ နွားနို့၊ တပ်မတော်စက်ရုံထုတ် စည်သွပ်ဘူးများနှင့် တပ်နယ်မိသားစုများမှ စိုက်ပျိုးထားသည့် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ ပါဝင်ပြီး ဆန်တစ်ပြည်လျှင် ငွေကျပ် ၁၆၀၀၊ ကြက်ဥတစ်လုံး ၁၅၀၊ ကြက်သားတစ်ပိဿာ ၆၅၀၀ ကျပ်၊ အမဲသား/ ဝက်သား တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ နွားနို့တစ်လီတာဝင်တစ်ဘူး ၁၂၀၀ ကျပ်ဖြင့် ရောင်းချပေးခြင်းဖြစ်သည့်အပြင် ကျောက်ပန်းတောင်းမြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်းမှလည်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများကို တစ်ပိဿာလျှင် (၅၁၀၀) ကျပ်ဖြင့် ဆီပိဿာချိန် (၂၂၀) ပိဿာ ရောင်းချပေးခဲ့ရာ ပြည်သူများ ကြိတ်ကြိတ်တိုးဝယ်ယူခဲ့ကြကြောင်းသိရသည်။
အဆိုပါ စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးရာသို့ ကျေက်ပန်းတောင်းတပ်နယ်မှ တာဝန်ရှိသူများ၊ မြို့နယ် စီမံအုပ်ချုရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့မှ လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဝယ်ယူရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)