မလှိုင် စက်တင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်၊ သာထွန်းအေး အ.ထ.က(ခွဲ) ကျောင်းခန်းမ၌ယမန်နေ့မွန်းလွဲပိုင်းက အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်သဇင်လှိုင်က အားကစား၏ အဓိပ္ပါယ်၊ အားကစားနည်းများ အ ကြောင်းနှင့် အားကစားလှုပ်ရှားခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများအကြောင်းကိုပညာပေးဟောပြောခဲ့ပြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒုတိယမြို့နယ်ဦးစီးမှူး ဦးကျော်စိုးဝင်းက ကျောင်းသား/သူများအနေဖြင့် ဆဋ္ဌမတန်းနှင့် သတ္တမတန်း အောင်မြင်လျှင် အား/ကာသိပ္ပံကျောင်းသို့ တက်ရောက်နိုင်ကြောင်း၊ အား/ကာသိပ္ပံကျောင်းသို့ တက်ရောက်လျှင် သင်ကြားနိုင်သည့် အားကစားနည်းများ၊ သင်တန်းမှ ထောက်ပံ့ပေးသည့် အစီအစဉ်များနှင့် ဘောလုံးအကယ်ဒမီကျောင်းသို့ တက်ရောက်လိုပါက ဆက်သွယ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးဇော်မင်းက ကျောင်းသား/သူများအနေဖြင့် ကျောင်းစာအပြင် ဗဟုသုတ ရရှိစေမည့် စာအုပ်၊ စာပေများကိုလည်း ဖတ်ရှုသင့်ကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အား/ကာဦးစီးမှူး ဒေါ်သဇင်လှိုင်က သာထွန်းအေး အ.ထ.က(ခွဲ) ကျောင်းအတွက် အားကစားပစ္စည်းများကိုပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့တင့် ကလက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ အဆိုပါလူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူ(၃၈၅)ဦးတက်ရောက်ခဲ့ ကြောင်းသိရသည်။
အောင်ဌေး(မလှိုင်)