ကျိုင်းတုံမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေး အသိပညာပေး ဟောပြော

ကျိုင်းတုံ  စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ သဘာဝဘေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျော်ဇေယျာသီရိခန်းမတွင် ကျင်းပသည်။

ဟောပြောပွဲတွင် ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန် ကြားရေးမှူး ဦးတင်မောင်မောင်ဝင်း မြေငလျင်၊ မုန်တိုင်း၊ ရေကြီး၊ လေပြင်း၊ မိုးကြိုး၊ မြေပြို စသည့်သဘာဝဘေးများကြုံတွေ့ပါက ဆောင်ရွက်ရမည့်အချက်များ၊ ထိခိုက်မှုအနည်းဆုံး ဖြစ်အောင် ကြိုတင်ကာကွယ်ခြင်းနည်းလမ်းများနှင့် အခြားသဘာဝဘေးဆိုင်ရာ အကြောင်း အရာများကို အသိညာပေးဟောပြောပြီး ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက ကျောင်းသား၊ ကျောင်းသူများ အား ကျောင်းစာအပြင် ပြင်ပစာပေများ လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ပိုမို ကြွယ်ဝလာမည်ဖြစ်ကြောင်း၊ အားလပ်သည့်အချိန်များတွင် စာပေဖတ်ရှုလေ့လာကြရန်နှင့် စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောသည်။

ထို့နောက် ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများက  ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)