မိုင်းယောင်းမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး ဆွေးနွေးပွဲ Talk Show အစီအစဉ် ရိုက်ကူးထုတ်လွှင့်

မိုင်းယောင်း စက်တင်ဘာ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေး ဆွေးနွေးပွဲ Talk Show အစီအစဉ် ရိုက်ကူးထုတ်လွှင့်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်နန်းပန်တို့က အလွယ်တကူ စွန့်ပစ်နေကြသော ပလတ်စတစ်က လူများ၊ သတ္တဝါများနှင့် သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်များစွာ ကျရောက်စေသည့် အရာဖြစ်သည်ကို ပြည်သူလူထုက ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်ကြမှသာ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးမှသည် လုံးဝမသုံးစွဲတော့သည်အထိ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပလတ်စတစ်မှ ထွက်ပေါ်လာသည့် ဓာတုပစ္စည်းများက အဆိပ်အတောက်များကြောင့် ကင်ဆာရောဂါဖြစ်ပွားခြင်း၊ ဟော်မုန်းပျက်စီးခြင်း၊ မွေးရာပါအင်္ဂါခြေလက်မစုံခြင်း၊ ကိုယ်ခံအားကျဆင်းခြင်း စသည်တို့ဖြစ်ပွားနိုင်ကြောင်း၊ လူကိုအန္တရာယ်ဖြစ်စေသည့် ပလတ်စတစ်သည် ကုန်းနေ၊ ရေနေသတ္တဝါများ၊ သားငှက်တိရစ္ဆာန်များကိုလည်း အန္တရာယ်ပေးကြောင်း၊ ပလတ်စတစ်အမှိုက်များကြောင့် ရေအရင်းအမြစ်များ၊ မြေဆီလွှာများ ပျက်စီးစေပြီး သစ်ပင်များ ပေါက်ရောက်ရှင်သန်မှုကိုလည်း အနှောင့်အယှက်ပေးကြောင်း စသည့် “ပြည်သူအားလုံး ပါဝင်ရမည့် ပလပ်စတစ်သုံးစွဲမှု လျှော့ချ”အကြောင်းကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါ Talk Show ကို မိုင်းယောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ Facebook Page၊ We Love Mongyawng Facebook Page၊ We Love Mongyawng Telegram နှင့် We Love Mongyawng Okpar တို့တွင် လွှင့်တင်ထားရာ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း