လားရှိုးမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

လားရှိုး စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ယမန်နေ့ နံနက်(၉) နာရီအချိန်က ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ လားရှိုးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဌေးအောင်နှင့် ပါမောက္ခ ဆရာ/ဆရာမများ၊  ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ပရဟိတ အသင်းအဖွဲ့များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်း အဖွဲ့ဖြင့်  Mask Campaign ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် လားရှိုးတက္ကသိုလ်ရှေ့နှင့် ရပ်ကွက်(၄) မန္တလေးလမ်း၊ မီးပွိုင့်လမ်းဆုံ တို့တွင် လမ်းသွားလမ်းလာပြည်သူများအား ပါးစပ်နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေခဲ့သည်။ ထို့ပြင် ခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အချက်အလက်များအား အသံချဲ့စက်ဖြင့် ဆော်ဩခြင်း၊ ကိုဗစ်-၁၉ ရောဂါ နှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။

ကမ္ဘာ့နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ လူနာအသစ်တွေ့ရှိမှု မြင့်တက်လာခြင်းနှင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း SARA-COV-2 Variant Omicron (အိုမီခရွန်) BA-4 ၊ BA-5 ရောဂါပိုးများ လျင်မြန်စွာ ကူးစက်ပြန့်ပွားနေခြင်း၊ ပြည်တွင်းတွင်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုများပြန်လည်တွေ့ရှိလာခြင်းကြောင့် လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး