သီပေါမြို့နယ်တွင်ပါးစပ်နှင့်နှာခေါင်းစည်း(Mask)စနစ်တကျတပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် အခမဲ့ဖြန့်ဝေခြင်းများဆောင်ရွက်

သီပေါ စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့မဈေးကြီးတွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် နေအိမ်ပြင်ပထွက်ခွာတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်သွားလာရေးအသိပညာပေးခြင်းနှင့် အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်(၈) နာရီက အဆိုပါ မြို့မဈေးကြီးအတွင်းနှင့် အပြင်တို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့အသိပညာပေးဆောင်ရွက်ရာတွင် သီပေါမြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးအောင်စည်နှင့်ဝန်ထမ်းများက ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ၊ ဈေးဆိုင်ခန်းများ၊  မြို့မဈေးအနီး လမ်းသွားလမ်းလာပြည်သူများ ကိုဗစ်-၁၉ မျိုးရိုး ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ်နိုင်ရန် အတွက်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံကြရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ အိမ်အပြင် ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ရန်၊ အိမ်ပြန်ရောက်ပါက လက်ကို ဆပ်ပြာဖြင့် စနစ်တကျ မကြာခဏဆေးကြောရန်၊ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ကြရန် စသည့်အသိပညာပေးခြင်းများ ဆောင်ရွက်၍ပါးစပ်၊ နှာခေါင်းစည်း (Mask)တပ်ဆင်ထားခြင်းမရှိသည့် ပြည်သူများအား ပါးစပ်၊ နှာခေါင်းစည်း (Mask) များအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ် စည်ပင်သာယာရေးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)