ဒက္ခိဏသီရိမြို့နယ်တွင် တောင်သူများအား သဘာဝမြေဆွေးပြုလုပ်သုံးစွဲနည်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ (၁:၃) အချိုးကျ ပေါင်းစပ်သုံးစွဲနည်း သင်တန်းပေး

နေပြည်တော်  စက်တင်ဘာ ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျွန်းတက်ပဲ့ ကျေးရွာအုပ်စု၊ ဆည်စုကျေးရွာအတွင်းရှိ တောင်သူများအား သဘာဝမြေဆွေး ပြုလုပ်သုံးစွဲနည်းဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ (၁:၃) အချိုးကျ ပေါင်းစပ်သုံးစွဲနည်း သင်တန်းပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာရှိ ဘက်စုံသုံးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်နိုင်က သင်တန်းပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက သဘာဝမြေဆွေးပြုလုပ်သုံးစွဲနည်းဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ(၁:၃) အချိုးကျ ပေါင်းစပ်သုံးစွဲနည်းကို တောင်သူများအား သင်ကြားပေးပြီး လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် တောင်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက သဘာဝမြေဆွေးပြုလုပ်သုံးစွဲနည်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာစနစ်တကျပေါင်းစပ်ပုံ၊ သုံးစွဲရမည့်နည်းလမ်းများ၊ ရရှိမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အောင်ကိုကို(ပြန်/ဆက်)