မူဆယ်မြို့တွင် မဲဆန္ဒစာရင်းမှန်ကန်စေရေးအတွက် ရွေးကော်၊ ထွေအုပ်၊ လဝကတို့မှ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအမံများ ညှိနှိုင်းအစည်းအဝေးပြုလုပ်

မူဆယ် စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ခရိုင်/မြို့နယ် စုပေါင်ရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လည် ၁ နာရီအချိန်က မဲဆန္ဒစာရင်းမှန်ကန်စေရေးအတွက်  ရွေးကော်၊ ထွေအုပ်၊ လဝကတို့မှ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအမံများ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင်  မူဆယ်ခရိုင်အုပ်ချူပ်ရေးမှူး ဦးအောင်ဇော်မိုးက မဲဆန္ဒစာရင်း မှန်ကန်စေရေးနှင့် ပက်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ကော်မရှင်အဖွဲ့ခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးကလည်း မဲဆန္ဒစာရင်းကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ် နိုင်သူကို အဓိကရွေးချယ်ဖို့လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ ဆက်လက်ပြီး မူဆယ် ခရိုင်လဝကဦးစီးမှူး ဦးရဲရင့်ထွန်းကလည်း UEC ၏ ရှေ့ပြေးလူဦးရေစာရင်းအရ ဆောင်ရွက်ရန် အချက်(၂)နှင့် စာတိုင်(၁၈)တိုင် အကြောင်းရှင်းလင်းခြင်း၊ လာမည့်မဲစာရင်းကို ထွေအုပ်၊ ကော်မရှင်  ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူလူထုများက အတူတကွ ပူးပေါင်းဆောင်ရွက်ပေးရန်နှင့် လုပ်ငန်းစဉ်အနှစ်ချုပ်များကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် မူဆယ်၊ နမ့်ခမ်းမြို့နယ်တို့မှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနှင့် ဦးဝင်းအောင်တို့မှလည်း ပေါင်းစပ်ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးရှင်းလင်းခဲ့ပြီး တက်ရောက်လာသော မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်မြို့နယ်တို့မှ သက်ဆိုင်ရာတာဝန်ရှိဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများကလည်း  အသီးသီးပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်မြို့နယ်တို့မှ မြို့နယ်အုပ်ချူပ်ရေးမှူးများ၊ မြို့နယ်လဝကဦးစီးမှူးများ၊ ကော်မရှင်အဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာ တာဝန်ရှိဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)