တောင်ကြီး စက်တင်ဘာ၂၀
ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေး အစိုးရနှင့်ပုဂ္ဂလိက တွေ့ဆုံစကားဝိုင်း ဆွေးနွေးခြင်းကို စက်တင်ဘာ(၂၀)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံး၌ ကျင်းပသည်။
စကားဝိုင်းဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက စားသုံးဆီဖူလုံရေး၊ ပြည်ပမှစားသုံးဆီ တင်သွင်းနေမှု လျော့ချရေးများကို မူဝါဒချမှတ် ဆောင်ရွက်လျက်ရှိရာ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုး ထုတ်လုပ်ရေးသည် အဓိကကျသည့် ကဏ္ဍဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်တွင် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် အစိုးရအဖွဲ့၊ သက်ဆိုင်ရာဌာနများ၏ မူဝါဒများ စီမံချက်များကို လုပ်ငန်းရှင်များ၊ တောင်သူအစုအဖွဲ့များ၊ သိရှိနိုင်ရန်နှင့် မြေပြင်မှာ လက်တွေ့ လုပ်ကိုင်နေကြသည့် တောင်သူများနှင့် လုပ်ငန်းရှင်များ တွေ့ကြုံနေရသည့် အခြေအနေ၊ အခက်အခဲများကို ဌာနဆိုင်ရာများနှင့် အစိုးရအဖွဲ့မှ မည်ကဲ့သို့ ကူညီဖြေရှင်းပေးရမည်ကို မျက်နှာချင်းဆိုင် ဆွေးနွေးရန် ယနေ့စကားဝိုင်းကို ဆွေးနွေးကျင်းပရခြင်းဖြစ်ကြောင်း၊ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်သည့်နေရာတွင် စိုက်ဧကတိုးချဲ့ရုံသာ မဟုတ်ဘဲ ထွက်နှုန်းတိုးလာရန် ရွေးချယ်သုံးစွဲခြင်း၊ သွင်းအားစုများပံ့ပိုးခြင်း၊ ထွက်ရှိလာသည့် သီးနှံများကို အဆင့်မြင့် ကြိတ်ခွဲထုတ်လုပ်ခြင်းအထိ ကွင်းဆက်တစ်ခုလုံးကို အပိုင်းလိုက် မြှင့်တင်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ဆောင်ရွက်သည့်နေရာတွင် လိုအပ်သလို ပံ့ပိုးဆောင်ရွက်ပေးနိုင်ရန် မိမိတို့အစိုးရအဖွဲ့က စီစဥ်ဆောင်ရွက်ထားရှိပြီး လိုအပ်ပါက နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေထဲမှ သတ်မှတ်ချက်များနှင့်အညီ ချေးငွေရယူနိုင်ရေး စီစဥ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလေးနိုင်က အခွင့်အလမ်းများ ရှင်းလင်းခြင်း၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးငြိမ်းထွန်း၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းတို့မှ ရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။
ထို့နောက်ဆီထွက် သီနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေး အခက်အခဲများနှင့် စိန်ခေါ်မှုများ၊ လိုအပ်ချက်များနှင့် အကြံပြုတင်ပြချက်များ သွင်းအားစုများနှင့် ပြည်ပတင်ပို့ခြင်းအတွက် အခက်အခဲနှင့် စိန်ခေါ်မှုများ လိုအပ်ချက်နှင့် အကြံပြုတင်ပြချက်များ၊ ရင်းနှီးမြှုပ်နှံမှုအတွက် မတည်ရင်းနှီးငွေနှင့် ပတ်သက်သော အခက်အခဲနှင့် စိန်ခေါ်မှုများ၊ လိုအပ်ချက်နှင့် အကြံပြုတင်ပြချက်များ၊ ဦးစီးဌာနအဆင့်၊ ပြည်နယ်အစိုးရအဖွဲ့အဆင့်၊ ဝန်ကြီးဌာနအဆင့်၊ နိုင်ငံတော်အဆင့်က ကူညီဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များ ဆွေးနွေးကြပြီး စကားဝိုင်းဆွေးနွေးပွဲမှ လုပ်ငန်းရှင်များက သိရှိလိုသည်များ မေးမြန်းရာ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းတို့က ဖြည့်စွက်ရှင်းလင်း ဆွေးနွေး ပြောကြားကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)