ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်းများ ပထမအကြိမ်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်

လယ်ဝေး စက်တင်ဘာ ၂၀

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းများ ပထမအကြိမ် စစ်ဆေးခြင်းလုပ်ငန်းများ ယနေ့နံနက်ပိုင်းမှစတင်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒက္ခိဏသီရိမြို့နယ်ရုံး၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ မြို့နယ်အတွင်းရှိ အိမ်ထောင်စုများမှ သေဆုံး၊ ပြောင်းထွက်သွားသူများ၊ လူဦးရေထပ်နေသူများ၊ အခြားဒေသသို့ သွားရောက် အလုပ်လုပ်ကိုင်နေသူများ၊ ခရီးလွန်နေသူများ စသည်တို့ကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးကာ မှန်ကန်သည့် လူဦးရေစာရင်းရရှိရေးအတွက် လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇင်မင်းကို၊ လယ်ဝေးခရိုင် လဝကဦးစီးမှူး ဒေါ်မြင်မြင့်သက်၊ ဒက္ခိဏသီရိမြို့နယ် လဝကဦးစီးမှူး ဦးအုန်းကျော်တို့မှ ကြီးကြပ်၍ မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများက ပူးပေါင်း ဆောင်ရွက်လျှက်ရှိသည်။

ဒက္ခိဏသီရိမြို့နယ်အတွင်း ရပ်ကွက်(၂)ခုနှင့် ကျေးရွာအုပ်စု(၈)အုပ်စု၊ ကျေးရွာပေါင်း (၂၉) ရွာတွင် အိမ်ထောင်စုပေါင်း (၈၅၀၂)စုအား စာရင်းသွင်းပြီးစီးကာ ပထမဆုံးအကြိမ်အဖြစ် အိမ်ထောင်စုလူဦးရေ စာရင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)