ထန်းတပင်(ရန်ကုန်) စက်တင်ဘာ ၁၆
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါကူးစက်ပြန့်နှံမှုများမရှိစေရေး အတွက် ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူ (Primary Contacts) များကို အ.ထ.က (ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ စက်တင်ဘာလ(၁၆)ရက်နေ့မှစတင်၍ အသွားအလာများ ကန့်သတ်ကာ စောင့်ကြည့်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းထံမှသိရသည်။
ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူ (Primary Contacts)များကို အသွားအလာ ကန့်သတ် ကာ စောင့်ကြည့်မှုများကို ဆောင်ရွက်သွားနိုင်ရေးအတွက် အ.ထ.က (ထန်းတပင်) အခြေခံ ပညာ အထက်တန်းကျောင်း (Community Base Quarantine Center)ကို အခန်းနေရာများသတ်မှတ် ခြင်း၊ သီးခြားနေထိုင်မည့်နေရာများကို ပြင်ဆင်ခြင်းနှင့် အသွားအလာ နယ်နိမိတ်ကန့်သတ်ခြင်း လုပ် ငန်းများကို မြို့ပေါ်ရပ်ကွက်(၅)ခုတို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့များက ဆောင်ရွက်လျက် ရှိပြီး ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အုပ် ချုပ်ရေးမှူး ဦးသန်းဇော်လင်းနှင့်တာဝန်ရှိသူများသွားရောက်ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ကိုဗစ်−၁၉ ကူးစက်ရောဂါနှင့် ပတ်သက်၍ အသွားအလာကန့်သတ်ကာ စောင့်ကြည့်မှုများ ပြု လုပ်နိုင်ရေး အတွက် အ.ထ.က (ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်းကို ပြီးခဲ့သည့် စက်တင်ဘာလ ပထမအပတ်မှ စတင်၍ Community Base Quarantine Centre အဖြစ် သတ်မှတ် ဆောင်ရွက်ထားရှိပြီး ယခင် အသွားအလာ ကန့်သတ်စောင့်ကြည့်မည့်သူ (၅၀)ဦးထိ သတ်မှတ်ထား ရှိရာမှ ယခုအခါ အသွားအလာကန့်သတ်စောင့်ကြည့်သူ (၆၅)ဦးထိ ထားရှိနိုင်ရေးအတွက် စီစဉ်ဆောင် ရွက်ထားရှိကြောင်းသိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)