ကျိုင်းတုံမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေး အသိပညာပေးဟောပြော

ကျိုင်းတုံ စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျော်ဇေယျာသီရိခန်းမတွင် ကျင်းပသည်။

ဟောပြောပွဲတွင် ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်ဝင်း မြေငလျင်၊ မုန်တိုင်း၊ ရေကြီး၊ လေပြင်း၊ မိုးကြိုး၊ မြေပြို စသည့်သဘာဝဘေးများကြုံတွေ့ပါက ဆောင်ရွက်ရမည့်အချက်များ၊ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကြိုတင်ကာကွယ်ခြင်းနည်းလမ်းများနှင့် အခြားသဘာဝဘေး ဆိုင်ရာ အကြောင်းအရာများကို အသိညာပေး ဟောပြောပြီး ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေး က ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပစာပေများ လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ပိုမိုကြွယ်ဝလာမည်ဖြစ်ကြောင်း၊ အားလပ်သည့်အချိန်များတွင် စာပေဖတ်ရှုလေ့လာကြရန်နှင့် စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများ အကြောင်းကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောသည်။

ထို့နောက် ကျိုင်းတုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများက  ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)