ဇေယျာသီရိ စက်တင်ဘာ ၂၀
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက ဇေယျာသီရိမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများစိစစ်ခြင်း၊ မဲရုံတည်နေရာများ လျာထားသတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယန့နံနက်ပိုင်းကကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး က အဖွင့်အမှာစကားပြောကြားရာတွင် ရွေးကောက်ပွဲတစ်ခုတွင် မဲစာရင်းမှန်ကန်ရေး သည်အရေးအကြီးဆုံးဖြစ်တာကြောင့် ယခုကျင်းပမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများ မှန်ကန်တိကျရန်လိုအပ်ကြောင်း၊ မဲစာရင်းများမှန်ကန်စေရေးအတွက်လည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများအနေဖြင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးက ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံမှ ဦးစီးအရာရှိ ဒေါ်ဟေမာလွင်က ရပ်ကွက်/ကျေးရွာများတွင် မဲဆန္ဒရှင်လူဦးရေစာရင်းများ မှန်ကန်ရေးနှင့်မဲရုံအရေအတွက် လျာထားသတ်မှတ်ဆောင်ရွက်မှုလုပ်ငန်းများ ဆွေးနွေးခဲ့ပြီး ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများက ရပ်ကွက်နှင့်ကျေးရွာများအလိုက် မဲရုံလျာထားချက်များဆောင်ရွက်မည့် အခြေအနေများအားဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လျာထားမဲရုံနေရာများ လျော့ချခြင်းနှင့် တိုးချဲ့ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)