ရန်ကုန် စက်တင်ဘာ ၂၀
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါနှင့် မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါပိုးတို့ ကူးစက်ခံရခြင်းမှ ထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် မျက်နှာနှင့်နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းများအား ယနေ့နံနက် ၈ နာရီအချိန်မှစတင်ကာ ဒေါပုံမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် တာဝန်ရှိသူများက သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဒေါပုံမြို့နယ်အတွင်းရှိ လူစည်ကားရာစျေးကြီးဖြစ်သည့် ဒေါပုံစျေးနှင့် ကားမှတ်တိုင်များတွင် စျေးရောင်းချသူများ၊ စျေးဝယ်လာသူများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား မျက်နှာနှင့် နှာခေါင်းစည်းများကို အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့် လက်ရှိအချိန်တွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုများ ပြန်လည်တွေ့ရှိလာရသည့်အတွက် ဆောင်ရန်၊ ရှောင်ရန်များနှင့် သက်ဆိုင်သည့် သတိပြုဖွယ်ရာများ ပါဝင်သည့် လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေ၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေး လုပ်ငန်းများအား ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မင်းအေး၊ မြို့နယ်စည်ပင် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက Mask အခုရေ (၅၀၀) နှင့် လက်ကမ်းစာစောင် (၅၀၀) ကို ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)