ကွတ်ခိုင်မြို့နယ် အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုမှ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များကို ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းပို့ချ

ကွတ်ခိုင် စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုမှ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ဝန်‌ဆောင်မှုရုံး(OSS)၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်ပို့ချပေးသည်။

သင်တန်းဖွင့်လှစ်သည့် အခမ်းအနားတွင် မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်တောင်ဂျာခေါန်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို အသေးစိတ် ရှင်းလင်း ပြောကြားပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ဦးသန်းဝင်း၊ ဦးသိန်းမြင့်၊ ဦးအိုက်ရီနှင့် ဒေါ်နန်းရွှေလင့် တို့က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်း စဉ်များ၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ၊ တရားမဲ့ပြုကျင့်မှုများ၊ မဲဆွယ်စည်းရုံးခြင်း၊ ကြိုတင် ဆန္ဒမဲပေးခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ ရလဒ်များထုတ်ပြန်ကြေညာခြင်းနှင့် ရပ်/ကျေး ကော်မရှင် အဖွဲ့ခွဲများအနေဖြင့် အခြားသိသင့်သိထိုက်သည့် လုပ်ငန်းပိုင်း ဆိုင်ရာ များကို အသီးသီးရှင်းလင်းပို့ချပေးပြီး တက်ရောက် လာကြသော သင်တန်းသူ သင်တန်းသား များက မရှင်းလင်းသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြား‌ ပေးသည်။

ကွတ်ခိုင်မြို့နယ်အတွင်း၌ ရပ်ကွက်/ ကျေးရွာအုပ်စု(၈၄)အုပ်စုရှိပြီး သင်တန်းကို  ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ  Social Distancing ဖြစ်စေရန် တစ်ရက်လျှင် နှစ်သုတ်၊ တစ်သုတ်လျှင် လူဦးရေ (၃၀)ဖြင့် စုစုပေါင်း သင်တန်း သား/သူ (၁၈၀) ခန့် အား ရွေးကောက်ပွဲဆိုင်ရာ နည်းလမ်းများကို သုံးရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ် ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ရုံးမှ သိရသည်။

ကိုမိုင်း(ပြန်/ဆက်)