နောင်ချိုမြို့နယ် ဈေးရပ်ကွက် ကျောက်ဂူတောရကျောင်းဝင်းအတွင်း ဆရာတော် “မဟာသဒ္ဓမ္မ ဇောတိကဓဇ” ဘန္ဒန္တသူရိယ၏ ဥတုဇရုပ်ကလာပ်ကို နိဗ္ဗာန်ကျောင်းချ အခမ်းအနားကျင်းပ

နောင်ချို စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ဈေးရပ်ကွက် ကျောက်ဂူတောရကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ

ဘန္ဒန္တသူရိယ၏ ဥတုဇရုပ်ကလာပ် နိဗ္ဗာန်ကျောင်းချ အခမ်းအနားကို ယမန်နေ့မွန်းလွှဲ ၁ နာရီအချိန်က အဆိုပါ ကျောင်းဝင်းအတွင်း ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောက်ဂူကျောင်းတိုက် ဆရာတော်သည် ၂၀၀၆ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့တွင် နိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းခဲ့သော မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့ရ သာသနာ့အာဇာနည်တစ်ဦးဖြစ်ပြီး သက်တော် ၈၆နှစ်၊ ဝါတော် ၆၆ဝါရှိပြီဖြစ်ကြောင်း၊ စက်တင်ဘာလ ၁၁ရက်နေ့ ည ၇:၃၀ နာရီအချိန်က ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကာ ဆရာတော်၏ ရုပ်ကလာပ်တော်ကို ၁၀ရက်ကြာ အပူဇော်ခံထားရှိကြောင်း၊ စက်တင်ဘာလ ၂၀ရက် ညနေပိုင်းတွင် မီးသင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း၊ ဆရာတော်သည် သာသနာရေး လုပ်ငန်းများအပြင် မြို့နယ်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၏ ကြီးကြပ်ရေး ဥက္ကဌ ဆရာတော်တာဝန်အား ထမ်းဆောင်ခဲ့ကြောင်း၊ ကျောက်ဂူတောရကျောင်းတိုက်တွင် ရှမ်း၊ ပလောင်၊ ဓနု၊ ဗမာ ကလေးသူငယ်များကို သာသနာ့ဘောင်အတွင်းသို့ သွတ်သွင်းချီးမြှင့်ပြီး ပရိယတ္တိ၊ ပဋိပတ္တိစာပေများနှင့် ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်း စာပေများကို သင်ကြားပို့ချစေခဲ့ကြောင်း သိရသည်။

ဆရာတော်သည် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း တက်ကြွနိုးကြား တော်မူခြင်း၊ ဗုဒ္ဓရုပ်ပွားတော်များ၊ စေတီတော်များ တည်ထားကိုးကွယ်ခြင်း၊ သာသနိက အဆောက်အဦများ တည်ဆောက်ခြင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ဖွင့်လှစ်၍ တိုင်းရင်းသားရင်သွေးငယ်များကို ဘာသာရေးအခြေခံကောင်းများ သင်ကြားပေးခြင်း၊ ပရဟိတာဝဟဂုဏ်၊ သီလ သမာဓိ ပညာဂုဏ်တို့နှင့် ပြည့်စုံတော်မူခြင်းတို့ကြောင့် ရဟန်း၊ရှင်လူတို့၏ ကြည်ညိုလေးစားမှု ကိုးကွယ်သူများပြားမှုတို့ကြောင့် နိဗ္ဗာန်ကျောင်းချ အခမ်းအနားသို့ လာရောက်ပူဇော်သူ များပြားကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)