မြင်းခြံ စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြင်းခြံခရိုင် ပညာရေးမှူး ဦးအုန်းလှိုင်နှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်စောညွန့်တို့က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှု စာစီစာကုံးပြိုင်ပွဲ ပြုလုပ်ပေးရခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club) အဖွဲ့ဝင်ဦးဌေးစိုးမှ ဆုများချီးမြှင့်နိုင်ရေး အမှတ်ပေးစည်းမျဉ်းစည်းကမ်းများ ရှင်းလင်းပြောကြားခဲ့သည်။
စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခြေခံပညာအထက်တန်း၊ အလယ်တန်းစာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့၊ မြင်းခြံခရိုင် ပညာရေးမှူး ဦးအုန်းလှိုင်၊ ခရိုင်အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခိုင်သဇင်မြမြထွေး၊ မြို့နယ်ပညာရေးမှူး ဦးခင်မောင်သန်း၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်စောညွန့်၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club) အဖွဲ့ဝင်တို့မှဆုများ ချီးမြှင့်ပေးခဲ့ကြသည်။ မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျောင်းသား/သူများအတွက် ကဗျာ၊ ဆောင်းပါး၊ စာစီစာကုံးပြိုင်ပွဲများကို စဉ်ဆက် မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)