ကျောက်ဆည် စက်တင်ဘာ၂၀
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့၊ အမှတ်(၉)အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက် (၁၀)နာရီက စာဖတ်ရှိန်မြင့်မာရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြ ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်က ပညာရဲရင့်ပွဲလယ်တင့်ဆိုသည့်အတိုင်း ပညာတတ်များဖြစ်အောင် ယဉ်ကျေးလိမ္မာစွာ ဟောပြောခြင်းများကို မှတ်သားနာယူကြစေလိုကြောင်း အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင့်ရီက ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် အချိန်ကိုမှန်ကန်စွာ အသုံးချသည့်အနေ ဖြင့် ပြင်ပ စာအုပ်၊စာပေဖတ်ရှုပြီး အသိပညာဗဟုသုတများကြွယ်ဝစေခြင်း စဉ်းစားတွေးခေါ်မှုအသိ ဉာဏ်များ ပိုမိုရင့်သန်လာစေခြင်းများ ရရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများအကြောင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်း စသည့်အသိပညာပေးခြင်းများ ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် အမှတ်(၉)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်း ပြသထားသည့် စာအုပ်စာစောင်များနှင့်ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအသိပညာပေး ဗွီနိုင်းပိုစတာများအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်းသိရသည်။
သက်မောင်(ကျောက်ဆည်)