သိန္နီ စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့တွင် ကျောင်းသားလူငယ်များ စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အပြန်အလှန် ဆွေးနွေးတတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ စာပေစကားဝိုင်းကို မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိသိမ့်က စာပေစကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ စာပေစကားဝိုင်းတွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ မောင်ထက်လင်းအောင် က “လူငယ်နဲ့အင်တာနက်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မောင်စိုင်းနေမင်းခန့်က “ဘဝကိုအရှုံးမပေးသောသူများ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မအိမ့်မှူးကဗျာသက်က ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိအဘိဓါန် စာအုပ်ပါ အကြောင်းအရာများအားလည်းကောင်း၊ နန်းဆီငင်းမွေက “ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်သည့်” ကျန်းမာရေးဆောင်းပါးအားလည်းကောင်း၊ နန်းယိင်းလောဝ်ဆီခမ်းက “ရေထုညစ်ညမ်းမှု”ခေါင်းစဉ်ဖြင့်လည်းကောင်း ပါဝင်ဆွေးနွေးခဲ့ကြသည်။ အဆိုပါ စာပေ စကားဝိုင်းသို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲအပြီးတွင် စာပေစကားဝိုင်းသို့ တက်ရောက်လာသော ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြသထားသော စာအုပ်စာစောင်များအား ကြည့်ရှုလေ့လာ ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)