ရပ်စောက် စက်တင်ဘာ ၂၀
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ရပ်စောက်မူလတန်းကြိုကျောင်း၏ ၂၀၂၂-၂၀၂၃ ခုနှစ် မိဘဆရာအသင်း နှစ်ပတ်လည်နှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက အဆိုပါမူလတန်းကြို ကျောင်းခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြွယ်ကြွယ်သိန်းမှ လူမှုဝန်ထမ်း ဦးစီးဌာနတွင် လုပ်ငန်းကြီး(၈)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ကလေး သူငယ်ပြုစုစောင့်ရှောက်ရေးဟာ ပထမဆုံးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ လူသားအရင်းအမြစ် ဖွံ့ဖြိုးမှုမှာ အခြေခံအကျဆုံးဟာ ကလေးဘဝဘက်စုံဖွံ့ဖြိုးရေးက အဓိကဖြစ်ပြီး မူကြို ကျောင်းများတွင် ကလေးများကို ဖွံ့ဖြိုးမှု(၅)ရပ်နှင့်အညီ ကာယ၊ ဉာဏ၊ စာရိတ္တ၊ ပေါင်းသင်းဆက်ဆံရေး အခြေခံကောင်းတွေရရှိအောင် အသက်အရွယ်အလိုက် လေ့ကျင့် သင်ကြားမှုများကို ဦးစီးဌာနကချမှတ်ထားသော သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများ နှင့်အညီ နှစ်စဉ် Lesson Plan တစ်ခုလုံးကိုဆွဲပြီး လအလိုက် သင်ခန်းစာခေါင်းစဉ်ဖြင့် သတ်မှတ်ထားတဲ့ Time Table နှင့်အညီ သင်ကြားပေးလျက်ရှိကြောင်းနှင့် ကျွေးမွေးမှု အပိုင်းမှာလည်း နိုင်ငံတော်မှ ကလေးတစ်ဦး (၅၀၀) ကျပ်နှုန်းဖြင့် ကျွေးမွေးပါတယ်။ တစ်ပတ်မှာ အသား(၂)ရက်၊ ငါးဖယ်(၂)ရက်၊ ကြက်ဥ (၁)ရက်နှင့် ဖြည့်စွက်စာ နွားနို့၊ နို့သာကူ၊ ကြက်သားဆန်ပြုတ်နှင့် ဒေသထွက်အစားအစာတို့ကို အာဟာရ အုပ်စု(၃)ခု ပါဝင်အောင် ကျွေးမွေးလျက်ရှိပါတယ်ဟု ကလေးဖွံ့ဖြိုးမှုနှင့် ကျောင်း၏ရှေ့လုပ်ငန်းစဉ်များအား ပြောကြားပါသည်။
ဆက်လက်၍ ဆရာမဒေါ်သူဇာအောင်က အမှုဆောင်ဟောင်းများနှုတ်ထွက်၍ အမှုဆောင်သစ်များ ရွေးချယ်တင်မြှောက်ထားမှုအခြေအနေကို ကြေငြာပြီးနောက် အကြီးတန်းအဆင့်နှင့် အငယ်တန်းအဆင့် အင်္ဂလိပ်ကဗျာရွတ်ဆိုပြိုင်ပွဲကိုကျင်းပသည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီး၊ ဒိုင်အဖွဲ့များနှင့် မိဘဆရာအသင်းတို့က ပန်းချီပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ဆုရရှိသော သားငယ်၊ သမီးငယ်လေးများအား ဆုများပေးအပ် ချီးမြှင့်ခဲ့ကြပြီး မူကြိုကျောင်းမှသားငယ်၊ သမီးငယ်များက အကများဖြင့် ကပြဖျော်ဖြေ ခဲ့ကြကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။
ဆုမွန်(မြို့နယ်ပြန်/ဆက်)