မိုင်းခုတ် စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၅)နှစ်မှ (၂)လအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက တိုက်နယ်ဆေးရုံ၌ ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မိုင်းခုတ်မြို့၊ ကျန်းမာရေးဉီးစီးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်ကေသီထွန်းဉီးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ နယ်မြေခံတပ်နယ်မှ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကာကွယ်ဆေးလာရောက်ထိုးနှံသော ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၅)နှစ်မှ (၂)လအထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းမပြုမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းနှင့် ကိုယ် အလေးချိန်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပေးပြီး စနစ်တကျ ထိုးနှံ၊ တိုက်ကျွေးသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးတွင် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး၊ အသက်(၅)နှစ်မှ (၂)လအရွယ်ကလေးငယ်များအား ဗီတာမင်အေ၊ သံချဆေး၊ ပြင်းထန် တီဘီရောဂါ ကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင်ရောဂါ ကာကွယ်ဆေး၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဉီးနှောက်အမြေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပိုလီယိုအကြောသေရောဂါကာကွယ်ဆေး ထိုးဆေးနှင့် သောက်ဆေး၊ ဝက်သက် နှင့်ဂျိုက်သိုးရောဂါကာကွယ်ဆေးများပါဝင်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)