နောင်ချိုမြို့နယ် ဈေးရပ်ကွက် ကျောက်ဂူတောရ ကျောင်းဝင်းအတွင်း ဆရာတော် “မဟာသဒ္ဓမ္မ ဇောတိက ဓဇ” ဘန္ဒန္တသူရိယ၏ ဥတုဇရုပ်ကလပ်ကို နိဗ္မာန်ကျောင်းချ အခမ်းအနားကျင်းပ

နောင်ချို စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ဈေးရပ်ကွက် ကျောက်ဂူတောရကျောင်းတိုက် ၏ ဦးစီးပဓာန နာယကဆရာတော် “မဟာသဒ္ဓမ္မ ဇောတိကဓဇ” ဘန္ဒန္တသူရိယ၏ ဥတုဇရုပ်ကလပ် နိဗ္မာန် ကျောင်းချအခမ်းအနား ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အဆိုပါ ကျောင်းဝင်းအတွင်း ကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောက်ဂူကျောင်းတိုက် ဆရာတော်သည် ၂၀၀၆ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့တွင် နိုင်ငံတော် အစိုးရမှ ဆက်ကပ်လှူဒါန်းခဲ့သော “မဟာသဒ္ဓမ္မ ဇောတိကဓဇ” ဘွဲ့ရ သာသနာ့အာဇာနည်တစ်ဦး ဖြစ်ပြီး သက်တော် ၈၆နှစ်၊ ဝါတော် ၆၆ဝါရှိပြီဖြစ်ကြောင်း၊ စက်တင်ဘာလ ၁၁ရက်နေ့ ည ၇:၃၀ နာရီအချိန်က ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကာ ဆရာတော်၏ ရုပ်ကလပ်တော်ကို ၁၀ရက်ကြာ အပူဇော်ခံ ထားရှိကြောင်း၊ စက်တင်ဘာလ ၂၀ရက် ညနေပိုင်းတွင် မီးသင်္ဂြိုလ် သွားမည်ဖြစ်ကြောင်း၊ ဆရာတော်သည် သာသနာရေးလုပ်ငန်းများအပြင် မြို့နယ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၏ ကြီးကြပ်ရေး ဥက္ကဋ္ဌ ဆရာတော်တာဝန်အား ထမ်းဆောင်ခဲ့ကြောင်း၊ ကျောက်ဂူတောရကျောင်းတိုက်တွင် ရှမ်း၊ ပလောင်၊ ဓနု၊ ဗမာ ကလေးသူငယ်များကို သာသနာ့ဘောင်အတွင်းသို့ သွပ်သွင်းချီးမြှင့်ပြီး ပရိယတ္တိ၊ ပဋိပတ္တိစာပေများနှင့် ဘုန်းတော်ကြီးသင် ပညာရေး မူလတန်းလွန်ကျောင်း စာပေများကို သင်ကြားပို့ချစေ ခဲ့ကြောင်း သိရသည်။

ဆရာတော်သည် သာသနာပြု လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း တက်ကြွနိုးကြားတော်မူခြင်း၊ ဗုဒ္ဓရုပ်ပွားတော်များ၊ စေတီတော်များ တည်ထားကိုးကွယ်ခြင်း၊ သာသနိက အဆောက်အဦများ တည် ဆောက်ခြင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ဖွင့်လှစ်၍ တိုင်းရင်းသား ရင်သွေးငယ်များကို ဘာသာရေး အခြေခံကောင်းများ သင်ကြားပေးခြင်း၊ ပရဟိတာဝဟဂုဏ်၊ သီလ သမာဓိ ပညာဂုဏ်တို့နှင့် ပြည့်စုံတော်မူခြင်းတို့ကြောင့် ရဟန်း၊ရှင်လူတို့၏ ကြည်ညိုလေးစားမှု ကိုးကွယ်သူများပြားမှုတို့ကြောင့် နိဗ္မာန်ကျောင်းချအခမ်းအနားသို့ လာရောက်ပူဇော်သူများပြားကြောင်း အခမ်းအနားသို့ လာရောက် သူများအား ကျန်းမာရေးဌာနနှင့်ကြက်ခြေနီတပ်ဖွဲ့များမှ Maskများဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)