ရင်းငြိမ်ချောင်း သဘာဝရေပြင်အတွင်း ငါးသား‌ပေါက်ကောင်ရေ တစ်သိန်းခွဲ မျိုးစိုက်ထည့်

သထုံ စက်တင်ဘာ ၂၀

မွန်ပြည်နယ်တွင် ငါးသယံဇာတ‌များတိုးပွားပြီး ဒေသတွင်း ငါးစားသုံးမှုဖူလုံရေးအတွက် ယနေ့ နံနက်က ငါးလုပ်ငန်းဦးစီးဌာနမှ ပေါင်မြို့နယ်၊ ရင်းငြိမ်ကျေးရွာရှိ ရင်းငြိမ်ချောင်း သဘာဝရေပြင်အတွင်းသို့ ငါးသားပေါက်ကောင်ရေ စုစု‌ပေါင်း တစ်သိန်းခွဲကို မျိုးစိုက်ထည့်ပေးခဲ့ကြသည်။

ငါးမျိုးစိုက်ထည့်ရာတွင် သထုံခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမင်းမင်း၊ ပေါင်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သံမရောင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် ငါးလုပ်ငန်းစခန်း(သထုံ)တို့မှ ဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရေလုပ်သားများက ပြည်နယ် ငါးသားဖောက်စခန်း(သထုံ)မှ ထုတ်လုပ်သည့် နှစ်လက်မနှင့်အထက် အရွယ်အစားရှိ ငါးမြစ်ချင်း ကောင်ရေ(၇၀၀၀၀)၊ ငါးခုံးမကြီး ကောင်ရေ(၅၀၀၀၀)နှင့် ရွှေဝါငါးကြင်း ကောင်ရေ(၃၀၀၀၀) စုစုပေါင်း ငါးသားပေါက်ကောင်ရေ(၁၅၀၀၀၀)ကို ရင်းငြိမ်ချောင်း သဘာဝရေပြင်အတွင်းသို့ စုပေါင်းမျိုးစိုက်ထည့်ပေးခဲ့ကြသည်။

ယခုနှစ်တွင် မွန်ပြည်နယ်ရှိ ဆည်မြောင်းတာတမံများ၊ လယ်ကြားမြောင်းများ၊ စပါးစိုက်ခင်းများ စသည့် သဘာဝရေပြင်များသို့  ငါးမြစ်ချင်း၊ ငါးခုံးမကြီး၊ ရွှေဝါငါးကြင်း ငါးမျိုးများ သားပေါက်ကောင်ရေ ၁၅ သိန်းကျော်ကို အခမဲ့မျိုးစိုက်ထည့်ပေးနိုင်ရန် လျာထားပြီး လက်ရှိအချိန်အထိ ကောင်ရေစုစုပေါင်း ၁၀ သိန်းနီးပါးခန့်အား မျိုးစိုက်ထည့်ပေးခဲ့ပြီးဖြစ်ကြောင်း ပြည်နယ်ငါးလုပ်ငန်းစခန်းမှ သိရသည်။

နဒီ(ပြန်/ဆက်)