မူဆယ် စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် အများပြည်သူသုံးစွဲရန်မသင့်သည့် တရုတ်နိုင်ငံထုတ် စားသောက်ကုန် ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မူဆယ်အကောက်ခွန်ဦးစီးဌာနရုံးဝန်းအတွင်း ဖျက်ဆီးကွင်း၌ မီးရှို့ဖျက်ဆီးခဲ့သည်။
အဆိုပါ တရုတ်နိုင်ငံထုတ် စားသောက်ကုန်မီးရှို့ဖျက်ဆီးရာတွင် အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင် ဦးဆောင်သော(၇)ဦးအဖွဲ့ဖြင့် တရုတ်နိုင်ငံထုတ် အရွက်ချဉ် 258KG၊ အစပ်ပြား/ချောင်း 1014KG၊ မာလာကြက်ခြေထောက် 65KG၊ ငါးအရေခွံကြော် 141KG၊ခေါက်ဆွဲဘူးစုံ 392 KGတောင့်၊ နွားနို့ဘူး 200 KG၊မြေပဲကြော် 60 KG၊ ပေါင်မုန့် 300 KG၊ ကြက်ဥပေါင်း 810 KG၊ အချိုရည်ထုပ်(350ml) 672 KG၊ မုန့်ကြွပ် 184 KG၊ Jelly Skg 206 KG ၊ ငုံးဥပေါင်း 306 KG၊ အသင့်စားဘဲကင် 130 KG၊ အသင့်စားအသားချောင်း 440 KG နှင့် အသင့်စားကြက်ပေါင် 480 KG တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး စုစုပေါင်းခန့်မှန်းတန်ဖိုး (၁၈၂၇၆၀၀၀) သိန်း ခန့်ရှိကြောင်း သိရသည်။
ယင်း မီးရှို့ဖျက်ဆီးခြင်းကို မူဆယ်(၁၀၅)မိုင်၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်၊ မူဆယ်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း၊ အကောက်ခွန်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးဌေး၊ မူဆယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဗိုလ်မှူးကျော်တင့်၊ မူဆယ်စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်လွင်၊ ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထွန်းထွန်းနိုင်နှင့် သက်ဆိုင်ရာတာဝန်ရှိဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)