မြစ်သား စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများအတွက် ရောင်စုံစက္ကူခေါက်ပြိုင်ပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခိုင်သန္တာလွင်က ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်၊ ညဏ်ရည်ညဏ်သွေး ဖွံ့ဖြိုးစေရန်၊ အရောင်စပ်နည်းများကို ရွေးချယ်တတ်စေရန်၊ မိမိရုံးရှိ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်း၀င်မှု ရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် ရောင်စုံစက္ကူခေါက်ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀) ဦးတို့က ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ခင်းကျင်းပြသထားသော လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး နံရံကပ်စာစောင်အား တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ပရိသတ်များက စိတ်ပါဝင်စားစွာ ကြည်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သီတာအောင် (မြစ်သား)