ပုဏ္ဏားကျွန်း စက်တင်ဘာ ၂၀
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များဦးဆောင်၍ ယမန်နေ့၊ နေ့လည်ပိုင်းက မြို့နယ်အတွင်းရှိ ရုံးဌာနများ၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ‘ရုံးလုပ်ငန်းများတွင် ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းလမ်းညွှန် (Version 4.0)’ အား လိုက်နာမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္က ဦးလှရွှေနှင့်အဖွဲ့ဝင်များက ပုဏ္ဏားကျွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာ့စီးပွားရေးဘဏ်စသည့် ရုံးဌာနများသို့ သွားရောက်၍ ရုံးလုပ်ငန်းများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ရုံးဝန်ထမ်းများအနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)မဖြစ်မနေ တပ်ဆင်ထားရန်၊ ရုံးအဝင်တွင် ကိုယ်အပူချိန်တိုင်းတာရန်၊ လက်ကိုဆပ်ပြာအသုံးပြု၍ အနည်းဆုံးစက္ကန့်(၂၀) ကြာဆေးကြောရန် (သို့မဟုတ်)လက်သန့်ဆေးရည်(Hand Sanitizer)ဖြင့် စနစ်တကျ ဆေးကြောရန်၊ စားသောက်ချိန်တွင် စုဝေး၍ မစားရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်လုပ်ကိုင်ရန်၊ လေဝင်လေထွက် ကောင်းမွန်စေရေး သတိပြုရန်၊ သံသယလက္ခဏာရှိပါက ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်ရန် စသည့်အချက်အလက်များကို မပျက်မကွက် လိုက်နာဆောင်ရွက်ကြစေရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော “ရုံးလုပ်ငန်းများတွင် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းလမ်းညွှန် (Version 4.0)”အား တိကျစွာ အလေးထား လိုက်နာဆောင်ရွက်ကြစေရေးနှင့်လိုက်နာမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နီထွန်းအောင် (ပြန်/ဆက်)