မိုင်းပျဉ်း စက်တင်ဘာလ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် စွန့်ပစ်ပစ္စည်းများ ပြန်လည် အသုံးပြု၍ လက်မှုပညာပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း၊ စာသင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာခိုင်က အဖွင့်အမှာစကားပြောကြားပါသည်။ ထိုနောက် Grade -7 မှ 11 ထိ ကျောင်း သား၊ ကျောင်းသူ (၃၆)ဦးတို့က စွန့်ပစ်ပစ္စည်းများဖြင့် ခြေသုတ်ခုံ၊ စက်ချုပ်ခြင်း၊ ချည်ထိုး ပန်းထိုးခြင်း၊ ပန်းကြယ်သီးထိုးခြင်း၊ သိုးမွှေးထိုးခြင်း၊ ဖျာယက်လုပ်ခြင်း၊ ရွံ့အိမ်ဆောက်ခြင်း၊ ဖဲပွင့်ကလစ်ပြုလုပ်ခြင်း၊ ခြင်းတောင်းပြုလုပ်ခြင်း၊ နံရံကပ်စက္ကူဖြင့် အလှဆင်ခြင်း၊ ဖုန်သုတ်တံပြုလုပ်ခြင်းနှင့် စက္ကူပန်းပြုလုပ်ခြင်း စသည့်လက်မှုပညာလုပ်ငန်းများကို ပါဝင်ယှဉ်ပြိုင်ကြရာ ကျိုင်းတုံခရိုင် ခရိုင်ပညာရေးမှူး ဒေါ်စမ်းစမ်းမြင့်နှင့် ကျောင်းအုပ် ဆရာမကြီးတို့က လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စွန့်ပစ်ပစ္စည်းများ ပြန်လည်အသုံးပြု၍ လက်မှုပညာပြိုင်ပွဲဆောင်ရွက်နိုင်ရေးအတွက် အထကကျောင်းမှ ဆရာမဒေါ်နန်းရွှေယဉ်၊ ဆရာမဒေါ်နန်းခမ်းခေါင်နှင့် နည်းပြ(၅)ဦးတို့က သင်ကြား ပြသပေးခဲ့ခြင်းဖြစ်ပြီး၊ ပြိုင်ပွဲတွင် ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသားစုံညီ ပွဲတော်ကျင်းပချိန်၌ ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပညာရေး အ.ထ.ကကျောင်းမှ သိရပါသည်။
နန်းသန္တာဦး(ပြန်/ဆက်)