ပျဉ်းမနားမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများစိစစ်ခြင်းနှင့် မဲရုံအရေအတွက်များ လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

ပျဉ်းမနား စက်တင်ဘာ ၂၀

မဲဆန္ဒရှင်စာရင်းများစိစစ်ခြင်းနှင့် မဲရုံအရေအတွက်များ လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉)နာရီခွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးသန်းထွန်း၊ ဦးစောဘလှိုင်၊ ဦးမြင့်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်း က ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ပျဉ်းမနားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်သန်းက လူဦးရေစာရင်းစိစစ်ခြင်းနှင့် မဲရုံများလျာထား သတ်မှတ်ဆောင်ရွက်ထားရှိမည့် အခြေအနေများအားလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးဝေဖြိုးနိုင်က တပ်တွင်းမဲရုံများ စီစဉ်ဆောင်ရွက်ထားရှိမည့် အခြေအနေများအားလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်မေမြတ်နိုးသိမ့်က လူဦးရေစာရင်းများ ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် မဲရုံလျာထားမှုအခြေအနေများအားလည်းကောင်း အသီးသီး ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများက သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာများအလိုက် မဲရုံလျာထားချက်များအပေါ် ဆောင်ရွက်သွားမည့်အခြေအနေများအား ဆွေးနွေးကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)