လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့် အခမ်းအနားမှူးသင်တန်း ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရမည်းသင်း စက်တင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုဗဟိုပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်  (အလယ်တန်းအဆင့်) ပန်းချီပြိုင်ပွဲနှင့် အခမ်းအနားမှူးသင်တန်း လက်တွေ့ပြောဆိုမှုပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။

ရှေးဦးစွာ ရမည်းသင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးဉာဏ်မျိုးက ကျောင်းသား၊ ကျောင်းသူများ အရည်အချင်း ပြည်မီစေ‌ရေး ကာယ၊ ဉာဏဖွံ ဖြိုးမှုရရှိစေရန် လေ့ကျင့်ပြုစုပေးခြင်းတို့ကို ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား၊ ကျောင်းသူများအား ပြိုင်ပွဲများ ကျင်ပခြင်း၊ စာဖတ်ရှိန် မြှင့်တင်ရေး စာဖတ်ဝိုင်များ ကျင်းပခြင်း၊ အိမ်တွင်းမှုအတတ်ပညာရပ်များ သင်ကြားပေးခြင်းနှင့် လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်မည့် အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိများက (အလယ်တန်းအဆင့်) လူကုန်ကူးမှုတိုက်ဖျက်ရေး အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ဆုရရှိသူများကိုလည်းကောင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြဉ္ဇူမြင့်၊ ခရိုင်ပြန်/ဆက်ဦးစီးဌာန၊ လက်ထောက်ညွန်ကြားရေးမှူးနှင့် တာဝန်ရှိသူတို့က အခမ်းအနားမှူးသင်တန်း ဆုရရှိသူများကိုလည်းကောင်း၊ ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး ခရိုင် ပြန်/ဆက်ဦးစီးဌာန ရုံးဝန်းအတွင်း ကျန်းမာရေးအသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ် စာစောင် (သုတ/ရသစာအုပ်မျိုးစုံ) ပြသထားခြင်းကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သတင်း ရရှိသည်။

ဇော်ဝင်းအောင် (ပြန်/ဆက်)