လားရှိုး စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ပြည်ထောင်စုအားကစားကွင်းတွင် ယမန်နေ့မွန်းလွဲ(၃)နာရီ အချိန်က ၂၀၂၂ခုနှစ်၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဖလား၊ ရှမ်းပြည်နယ်(မြောက်ပိုင်းဇုံ) မြို့နယ်အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဧည့်ပရိတ်သတ်များက သိန္နီမြို့နယ်အသင်းနှင့် ကျောက်မဲမြို့နယ်အသင်း ဗိုလ်လုပွဲအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ဆုပေးပွဲအခမ်းအနားဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင်ပါဝင်ကူညီခဲ့သော ဒိုင်အဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့အား ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲဝင်းလှိုင်က ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲတစ်လျောက် အကောင်းဆုံးကစားသမားဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဗိုလ်မှူးဇော်လင်းထွန်းကလည်းကောင်း၊ တတိယဆုရရှိသော မဘိမ်းမြို့နယ်အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးကလည်းကောင်း၊ ဒုတိယဆုရရှိသော ကျောက်မဲမြို့နယ် အသင်းအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်) အတွင်းရေးမှူး၊ ရဲမှူးကြီး အောင်မြင့်နိုင်ကလည်းကောင်း၊ ပထမဆုရရှိသော သိန္နီမြို့နယ်အသင်းအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်ကလည်းကောင်း တစ်ဦးချင်းဆုဆွဲပြား၊ ဒိုင်းဆုနှင့်ငွေသားဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
ယင်းနောက် ဆုရရှိသောအသင်းများအား ဒေသခံကုမ္ပဏီများက ထပ်ဆောင်းဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး