မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း ၂ဝ၂၂ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်

မော်လမြိုင် စက်တင်ဘာ ၂၀

သက်ရှိလူသားများအနေဖြင့် နေ့စဉ် စားသောက်နေထိုင်မှုမှအစ သွားလာပြုမူမှုများကိုပါ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လွယ်သည့် အသုံးအဆောင်ပစ္စည်းများဖြင့် ဆင်ယင်အသုံးပြု ဖန်တီးမှုများကြောင့် ကမ္ဘာ့အိုဇုန်းလွှာ ပျက်စီးယိုယွင်းမှုများမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ ၂ဝ၂၂ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း၊ ပြည်နယ်တရားလွှတ်​တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းသား၊ ကျောင်သူများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကမ္ဘာပေါ်ရှိ သက်ရှိများအားလုံး ခရမ်းလွန်ရောင်ခြည်သင့်မှုအန္တရာယ်အပါအဝင် ဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းဝေစေရန်အတွက် အရေးကြီးသည့် အိုဇုန်းလွှာကို ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်နိုင်စေရန် ရည်ရွယ်၍ နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့အိုဇုန်းလွှာ အထိမ်းအမှတ် အခမ်းအနားအဖြစ် ကျင်းပ ပြုလုပ်လျက်ရှိကြောင်း၊ လူဦးရေ သိပ်သည်းလာမှု၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာမှု၊ စွမ်းအင်အရင်းအမြစ်များ အလွန်အကျွံ ထုတ်ယူသုံးစွဲလာမှုများကြောင့်  ရာသီဥတု ပြောင်းလဲမှုများကို ပိုမိုဖြစ်ပေါ်ကာ ကမ္ဘာ့နိုင်ငံအသီးသီးတို့မှာ သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့လာကြရကြောင်း၊ မွန်ပြည်နယ်အနေဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ကြစေေရးနှင့် ဇီဝမျိုးစုံ၊ မျိုးကွဲများ ပြန်လည် ကြွယ်ဝလာစေရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၊ ဒေသနှင့်ကိုက်ညီသည့် မူဝါဒများကို ချမှတ်ပြီး သဘာဝသယံဇာတနှင့် ဂေဟစနစ်ကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ခြင်းကို အစိုးရနှင့် ပြည်သူ လက်တွဲညီစွာဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ အိုဇုန်းလွှာ ကာကွယ်ထိန်းသိမ်းခြင်းကို တစ်ကမ္ဘာလုံး တက်ကြွလှုပ်ရှား ပူးပေါင်းပါဝင်လာ သည့်အတွက် အိုဇုန်းလွှာကို ထိခိုက်ပျက်စီးစေသည့် ဒြပ်ပစ္စည်းများ ထုတ် လုပ်လျော့ချသုံးစွဲခြင်းကို လျော့ချနိုင်ခဲ့ပြီး အကျိုးရလာဒ်အနေဖြင့် လူသားများနှင့် သက်ရှိများ၏ ကျန်းမာရေး၊ စီးပွားရေး၊ ဂေဟစနစ်များ ယခင်ကထက်များစွာ ပိုမို ကာကွယ် ပေးလာနိုင်တာကို တွေ့မြင်ကြရမှာဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ဝိုင်းဝန်း ဖြေရှင်းကြရန်၊ သက်ရှိများအားလုံးကို ကာကွယ်နိုင်ရန်အတွက် အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းစဉ်များကို အားလုံးဝိုင်းဝန်း ပူးပေါင်းကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးအောင်ကြည်သိန်းမှ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် ( UNEP ) မှ ပေးပို့လာသော သဝဏ်လွှာအား ဖတ်ကြားပြီး ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး Video Clip ပြသခြင်းအပေါ် ကြည့်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများမှ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပြသထားသော အသိပညာပေးပြခန်းအား လှည့်လည်ကြည့်ရှုခဲ့သည်။

မွန်ပြည်နယ်အနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများကို အသုံးပြုရန် ထုတ်လုပ်ထားသော ထုတ်ကုန်များကို   ပြည်တွင်းတင်သွင်းခြင်း နှင့် ပြည်ပတင်ပို့ခြင်းများအား ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေပါအတိုင်း သတ်မှတ်စည်းကမ်းချက်များအညီ လိုက်နာခြင်းရှိ/ မရှိ စိစစ် ကြီးကြပ်၍ မှတ်ပုံတင်လက်မှတ်များ ထုတ်ပေးခြင်းနှင့် ခွင့်ပြုခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး အိုဇုန်းလွှာကို ထိခိုက်ပျက်စီးစေသည့် ဒြပ်ပစ္စည်းများ ထုတ်လုပ်လျော့ချသုံးစွဲခြင်းကိုလည်း အထူးအပေးဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရသည်။

ခင်စန်းမြင့်