ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၁၆

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို ယမန်နေ့ နံနက် (၇)နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် မြို့မရဲစခန်းမှ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲ‌မှူး ခင်မောင် ဦးဆောင်၍ စခန်းမှူး ဒု-ရဲမှူး ဆန်းမင်းဦးနှင့် အရာရှိ၊ တပ်ဖွဲ့ဝင်များက မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း ချုံနွယ်များနှင့် ရှုပ်ထွေးသစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ရိတ်ခြင်း၊ ဆေးရုံဝင်းအတွင်းရှိ ရေကန်အတွင်းမှ အမှိုက်နှင့် ဒိုက်များဆယ်ယူခြင်း၊ ဆေးရုံဝင်း အတွင်း/အပြင်ရှိ အမှိုက်များ ရှင်းလင်းခြင်းတို့အပြင် ဓမ္မပီတိဘုန်းတော်ကြီးကျောင်းဘေးရှိ ဘိုးဘွား ရိပ်သာဆောင် ဆောက်လုပ်မည့် ခြံဝင်းအတွင်း၌လည်း အလားတူ မြက်၊ ချုံနွယ်နှင့် အမှိုက်များ ရှင်းလင်းပေးကာ မြို့နယ်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနနှင့် ပူးပေါင်း၍ အမှိုက်များအား စနစ်တကျ စွန့်ပစ်ပေးခဲ့ကြောင်း သိရသည်။

ဝေယံ(ဆိပ်ကြီးခနောင်တို)