သီပေါမြို့နယ်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ကြေညာ

သီပေါ စက်တင်ဘာ ၁၆

ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာတစ်ဝှမ်း ကူးစက်ပျံ့နှံ့ခဲ့ရာ မြန်မာနိုင်ငံတွင်လည်း ကူးစက်ပြန့်ပွား လျက်ရှိသဖြင့်  ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် သီပေါမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ အမိန့်အမှတ် (၅/၂၀၂၀) ကို စက်တင်ဘာလ ၁၅ ရက် နေ့စွဲဖြင့် ညမထွက်ရအမိန့်အား ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။

သီပေါမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်−၁၉ ရောဂါ ကူးစက်ခံရမှုမရှိစေရေးနှင့် အချိန်မီ ကာကွယ် ထိန်းသိမ်းနိုင်ရေးတို့ အတွက် အရေးပေါ်ကိစ္စ ပေါ်ပေါက်ပါက သက်ဆိုင်ရာ၏ ခွင့်ပြုချက် အရမှအပ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ(၁၅)ရက်နေ့မှစ၍ နေ့စဉ်ည (၁၂)နာရီအချိန်မှ နောက်တစ်နေ့ နံနက် (၄) နာရီ အထိ ညမထွက်ရ အမိန့်အား ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ညမထွက်ရအမိန့်သည် အများပြည်သူအကျိုးငှာ ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်သဖြင့် လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ပြီး ၄င်းအမိန့်အား ထုတ်ပြန်ပြီးသည့်နေ့မှ စ၍ (၂)လ အတည်ဖြစ်ကြောင်း  သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။

ခင်လေး (သီပေါ၊ ပြန်/ဆက်)