ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန် T-Shirt နှင့် ( Mask) နှာခေါင်းစည်းများ ဖြန့်ဝေခြင်းဆောင်ရွက်

ကျောက်တံတား စက်တင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုဖြင့် YRTC မှ ရန်ကုန်မြို့အတွင်း  ခရီးသွားပြည်သူများ သွားလာမှု အများဆုံးနေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ကာကွယ်နိုင်ရန်အတွက် ယမန်နေ့နံနက်(၁၁)နာရီက  ကျောက်တံတားမြို့နယ်၏ လူစည်ကားရာ နေရာများဖြစ်သည့်  ဘတ်စ်ကားမှတ်တိုင်များတွင် YBS ယာဉ်မောင်းများကို T-Shirt ဝေငှခြင်းနှင့် ခရီးသွားပြည်သူများကို (Mask) နှာခေါင်းစည်းများ ဝေငှခဲ့ကြောင်း သိရသည်။

 ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုဖြင့် ဆူးလေမှတ်တိုင်၊ (၈) မိုင်မှတ်တိုင်၊ လှည်းတန်းမှတ်တိုင်၊ ကမ္ဘာအေးဘုရားလမ်းမှတ်တိုင်၊ စံပြစျေးမှတ်တိုင်နှင့် မြောက်ဥက္ကလာ အဝိုင်းမှတ်တိုင်  စသည့် လူစည်ကားရာ မှတ်တိုင်နေရာ ၆ ခုမှာ တစ်နေရာကို Mask အခုရေ ၃ ထောင်စီ Mask  Campaign နဲ့ အဝါရောင် T-Shirt Campaign ဖြန့်ဝေခဲ့ကြောင်း၊ YBS ယာဉ်မောင်းတွေ အတွက် T-Shirt အထည် ၄ ထောင်ကျော်ဝေငှ ပေးသွားမှာဖြစ်ပြီး ခရီးသွားပြည်သူတွေကိုတော့ တစ်နေ့ကို  Mask အခုရေ ၁ သောင်း ၈ ထောင်နှုန်းနဲ့ ၅ ရက်ကြာ ဝေငှပေးသွားမှာဖြစ်ကြောင်း YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ထံမှ သိရှိရပါသည်။

ယခုဖြန့်‌ဝေသည့် T-Shirt နောက်ကျောတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကိုကာကွယ်ရန် Stop Covid-19 စာတမ်းအပါအ၀င် Mask တပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါ စာသားများ ရေးသားထားပြီး အဆိုပါ T-Shirt များကို ယာဉ်မောင်းများအနေဖြင့် ရက်သတ္တ တစ်ပတ်ကြာ ၀တ်ဆင်မောင်းနှင်ကြရမှာဖြစ်ပြီး ခရီးသွားပြည်သူများကို Mask များ ဝေငှပြီး ကိုယ်တိုင်တပ်ဆင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယခုလို ဝေငှတာခြင်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိမှတ်တိုင်တိုင်းတွင် အလှည့်ကျ ဆောင်ရွက်သွားမည်ဖြစ်ပြီး (Mask) ဝေငှခြင်းကို ၅၅ ကြိမ်ရှိခဲ့ပြီး ပြည်သူများထံ ၅ သိန်းကျော် ဝေငှပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုနှုန်း များပြားလာသည့်အတွက် ကူးစက်မှုနှုန်း လျော့ကျစေရန် YRTC အနေဖြင့် ခရီးသွားပြည်သူများကို Mask Campaign ပြုလုပ်ပြီး Mask တပ်ဆင်ပြီးမှ ယာဉ်ပေါ်စီးနင်းလိုက်ပါ ခွင့်ပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရွှေဇင်ခိုင်(ပြန်/ဆက်)