ကလော စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂)အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် အမှတ်(၂)အခြေခံပညာမူလတန်း(လွန်)ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးသိန်းဌေးက အဖွင့်အမှာစကား ပြောကြားပြီး အောင်ပန်းမြို့ အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်၊ တပ်ဖွဲ့စိတ်မှူးရဲအုပ် ဝင်းညွှန့်ဦး က လူကုန်ကူးခံရခြင်းနှင့် ပတ်သက်သည့်ဆိုးကျိုးများ၊ လူကုန်ကူးမခံရအောင် သတိပြုရှောင်ရှားရမည့်အချက်များ၊ လူကုန်ကူးခံရခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေများအကြောင်းနှင့် လူမှောင်ခိုလူကုန်ကူးအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အောင်ပန်းမြို့ အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စိတ်အနေဖြင့် ကလောမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် အထက်တန်းကျောင်း (ခွဲ)တို့တွင် အသိပညာပေးဟောပြောပွဲများ ပြုလုပ်ပေးလျက်ရှိပြီး လူကုန်ကူးမှုအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ကျော်ဝင်း(ပြန်/ဆက်)