ဒဂုံအရှေ့ စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အမျိုးသမီးများတွင် ဖြစ်ပွားတတ်သော သားအိမ်ခေါင်းကင်ဆာရောဂါမှ ကာကွယ်နိုင်စေရန်အတွက် အမှတ်(၄)ရပ်ကွက် စပ်စံထွန်းလမ်း ဓမ္မရက္ခိတဆွမ်းလောင်း ဓမ္မာရုံတွင် ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းဆရာမများက (ဒုတိယအကြိမ်)အဖြစ် အသက်(၁၁)နှစ်နှင့် (၁၂)နှစ်အကြား အမျိုးသမီးငယ်များအား သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေး ဆရာမများက ဆေးမထိုးမီ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပြီး သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးပေးရာတွင် ဒေသခံ အမျိုးသမီးငယ် (၂၃)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထို့နောက် အမျိုးသမီးငယ်များ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာမများနှင့်အတူ ရပ်ကွက်တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံက သတင်းရရှိသည်။
ဝင်းအိမွန်(ပြန်/ဆက်)