မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်နှင့် သထုံခရိုင်လူမှုကယ်ဆယ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

သထုံ စက်တက်ဘာ ၂၀

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် သထုံခရိုင်အတွင်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့၊ နံနက် ၁၀ နာရီအချိန်က သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ရှိ အေးမြဖြူစင်လူမှုကယ်ဆယ်ရေးအသင်းရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ နာယက ဆရာတော်က သြဝါဒစကားမိန့်ကြားတော်မူပြီးနောက် ခရိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာထွန်းက ခရိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်းရခြင်းရည်ရွယ်ချက်နှင့် အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းထားမှုအခြေအနေကို ရှင်းလင်း‌ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးလှထွန်းက မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ စတင်ဖွဲ့စည်းခဲ့ရသည့် ရည်ရွယ်ချက်၊ ခံယူချက်နှင့် အဖွဲ့လုပ်ငန်းစဉ်များ၊ ခရိုင်နှင့်မြို့နယ်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားမည့်အခြေအနေ၊ ပြန်ကြားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ၏ လုပ်ဆောင်ရမည့်အချက်များ၊ အဖွဲ့ဝင်အချင်းချင်း အပြန်အလှန်လေးစားမှုနှင့် စည်းလုံးညီညွတ်ရေး၊ အဖွဲ့ဝင်တစ်ဦးချင်းအလိုက် တာဝန်ခံ၊ တာဝန်ယူမှုဖြင့် အဖွဲ့အစည်းတိုးတက်အောင်မြင်ရေးအတွက် ဆောင်ရန်/ ရှောင်ရန် အချက်များ စသည်တို့ကို ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသူတို့က လိုအပ်သည်များနှင့် သိလိုသည်တို့ကို မေးမြန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ သထုံခရိုင်လူမှုကယ်ဆယ်ရေးအဖွဲ့၊ နာယကများနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အဖွဲ့ဝင်အသင်းများမှ တာဝန်ရှိသူများ တတ်ရောက်ခဲ့ကြကြောင်း သိရသည်။

နဒီ (ပြန်/ဆက်)