ကျောက်တံတားမြို့နယ်တွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကျောက်တံတား စက်တင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်‌နေ့ နံနက်၁၀နာရီက ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိန်က ဌာနဆိုင်ရာများ အနေဖြင့် လုံခြုံရေးကို အထူးဂရုပြုရန် လိုအပ်ကြောင်း၊ ရုံးလုံခြုံရေးအတွက် CCTV များကို တပ်ဆင်ထားကြရန်၊ ကိုဗစ်-၁၉ရောဂါများ ဖြစ်ပွားမှု မြင့်တက်နေသောကြောင့် Mask များ စနစ်တကျတက်ကြရန်နှင့် မိမိတို့ဝန်ထမ်းများကိုလည်း ပြန်လည်ညွှန်ကြားထားရန်၊ Mask Campaign  များ ပြုလုပ်၍ ပြည်သူများကို အသိပေး၊ သတိပေး ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ၊ မိမိတို့မြို့နယ်အတွင်း  လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာ‌ပေး လုပ်ငန်းများ ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ကျန်းမာရေးမှူး ‌ဒေါက်တာစိုးလင်းထူးက ကိုဗစ်-၁၉ စတုတ္ထအကြိမ် ကာကွယ်ဆေးများကို ထိုးနှံရန်စာရင်း ကောက်ယူနေပြီဖြစ်ကြောင်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် ကိုဗစ်- ၁၉ ရောဂါလက္ခဏာ သံသယရှိပါက စစ်ဆေးရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

အေးမြကြည် (ပြန်/ဆက်)