ဗိုလ်တထောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဗိုလ်တထောင် စက်တင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ပူးပေါင်းအဖွဲ့က ယမန်နေ့နံနက်(၀၉:၀၀)နာရီ၌ ဘိုကလေးဈေး ကားမှတ်တိုင်တွင် ဈေးသွား၊ဈေးလာများနှင့် ခရီးသွားပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင်ရေးလှုပ်ရှားမှုပြုလုပ်ပြီး နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဖြန့်ဝေပေးရာတွင် ဗိုလ်တထောင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်၏ ဦးဆောင်မှုဖြင့် ကော်မတီဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များက ဘိုကလေးဈေး ကားမှတ်တိုင်တွင် ဈေးသွား၊ ဈေးလာများနှင့် ခရီးသွားပြည်သူများ လက်ဝယ်အရောက် နှာခေါင်းစည်းများအား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဌနှင့် အဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲနှင့် ရှင်သန်ရေးလူမှုပရဟိတ အဖွဲ့တို့ ပူးပေါင်း၍ ကုန်သည်လမ်း၊ ကမ်းနားလမ်း၊ ဗိုလ်အောင်ကျော်လမ်းနှင့် သိမ်ဖြူလမ်းမတစ်လျှောက် ဆေးဖျန်းခြင်းလုပ်ငန်းများကို  အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သိန်းသိန်း(ဗိုလ်တထောင်)