ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံး၌ Basic Legal English Course သင်တန်းဖွင့်လှစ်

စစ်တွေ    စက်တင်ဘာ ၂၀

ဥပဒေအရာရှိများ ဥပဒေရေးရာနှင့်ဥပဒေဘာသာပြန်ကိစ္စများတွင် အင်္ဂလိပ်စာကျွမ်းကျင်မှုဖြင့် အထောက်အကူဖြစ်စေရန်၊ အင်္ဂလိပ်စာကို အခြေခံမှစ၍ သီးသန့်သင်ကြားခြင်းမဟုတ်ဘဲ ဥပဒေရေးရာ အင်္ဂလိပ်စာအရည်အသွေးများ တိုးမြှင့်ရေးအတွက် တွန်းအားတစ်ရပ်ဖြစ်စေရန်၊ လေ့လာသင်ကြားလိုစိတ် ဖြစ်ပေါ်နေခြင်းဖြင့် တစ်ဦးချင်းစီ၏ အရည်အသွေးမပြတ် တိုးတက်ကြစေရန်နှင့် နိုင်ငံ့ဝန်ထမ်းများပီပီ တရားဥပဒေစိုးမိုးရေးပိုင်းတွင် ပိုမိုလေ့လာသိရှိသော အရည်အသွေးကောင်းများဖြင့် ပြည်သူကို အကျိုးပြုနိုင်ကြစေရန် ရည်ရွယ်ပြီး ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံး၌ Basic Legal English Course သင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်စကား ပြောကြားကြပြီး ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက သင်တန်းဖွင့်အမှာစကား ပြောကြားသည်။ သင်တန်းတွင် ရခိုင်ပြည်နယ်ဥပဒေချုပ်၊ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)၊ အင်္ဂလိပ်စာဌာနမှ  ဒုတိယပါမောက္ခချုပ်နှင့် အင်္ဂလိပ်စာကျွမ်းကျင် ဆရာတစ်ဦးတို့က စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းသို့ ပြည်နယ်ဥပဒေချုပ်ရုံး၊ စစ်တွေခရိုင်နှင့် စစ်တွေမြို့နယ်ရုံးတို့မှ ဥပဒေအရာ ရှိ များတက်ရောက်ကြပြီး သင်တန်းကာလရက်သတ္တပတ်နှစ်ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)