ဒဂုံအရှေ့ စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ဖြစ်ပွား/သေဆုံးမှုနှုန်း လျော့ချနိုင်စေရန်နှင့် "ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံကြပါစို့" ဆောင်ပုဒ်နဲ့အညီ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်နှင့် တတိယအကြိမ် Booster Dose ထပ်ဆောင်းထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ဆေးထိုးစုရပ်တွင် ထိုးနှံပေးကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှိ အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူနှင့် အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံသူ (၅၉၈)ဦးနှင့် တတိယအကြိမ် Booster Dose ထပ်ဆောင်းထိုးနှံသူ (၃၄၈)ဦး စုစုပေါင်း (၉၄၆)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်းနှင့် ကျန်ရှိနေသော ကျောင်းသား/သူများအား ဆက်လက်၍ သက်မှတ်ရက်များအလိုက် ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံက သိရသည်။
အဆိုပါ ဆေးထိုးစုရပ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ (အထက-၂) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ ပူးပေါင်း၍ ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ခြင်း၊ ကာကွယ်ဆေးထိုးပြီးပါက ဓာတ်မတည့်ခြင်း ရှိ၊ မရှိ အချိန်နာရီဝက်ခန့် အနားယူစေခြင်းများ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)