စစ်တွေမြို့၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာရောင်းချပေး

စစ်တွေ စက်တင်ဘာ ၂၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်၏ စီစဉ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များကို ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ ယမန်နေ့နံနက်ပိုင်းက ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးလျက်ရှိသည်။

ထိုသို့ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ တပ်ဖွဲ့ဝင်များနှင့် မိသားစုများက ရောင်းချပေးရာတွင် ကြက်သား၊ ဝက်သား၊ ဘဲသား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များ၊ အမဲသားနှင့်အသားစည်သွတ်ဘူးများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိပြီး မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် Perfect King Trading ကုမ္ပဏီလီမိတက်ကလည်း စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။

စစ်တွေမြို့ ဒေသခံတစ်ဦးက “ကျွန်တော်တို့ မြို့ထဲကဈေးမှာဆိုရင် ကြက်ဥတစ်လုံး ၂၅၀ ကျတယ်ဗျ၊ အခုတစ်လုံး ၁၅၀ ဆိုတော့ လာဝယ်တာပါ၊ ဆီ၊ ကြက်သွန်၊ အာလူးကအစပေါ့ အပြင်က ဈေးထက် သက်သာတော့ လာဝယ်ကြပါတယ်၊ အများအားဖြင့်တော့ ဆီနဲ့ကြက်ဥက တန်းစီပြီးတော့မှ ဝယ်ရပါတယ်၊ ကျန်တာတွေကျတော့ ပေါ့ပေါ့ပါးပါး ဝယ်လို့ရတာပေါ့၊ အခုလိုမျိုး တစ်ပတ်တစ်ခါလောက် ရောင်းပေးရင်တော့ အဆင်ပြေတာပေါ့” ဟုပြောသည်။

စစ်တွေမြို့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ဒုတိယအကြိမ်မြောက် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)