တောင်ဥက္ကလာပ စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်မိုး၏ ကြီးကြပ်မှုဖြင့် အမှတ်(၁၄) ရပ်ကွက်၊ ချယ်ရီဥယျာဉ်အိမ်ယာ၊ Sakura အလုပ်ရုံရှေ့တွင် ယမန်နေ့ နံနက် (၉:၀၀)နာရီအချိန်က ကိုဗစ်-၁၉ရောဂါ ရောဂါပိုး စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများ၊ လမ်းသွားလမ်းလာ ခရီးသွားပြည်သူများ၊ အခြေခံစားသောက်ကုန် လာရောက်ဝယ်ယူကြသော မိဘပြည်သူများက နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျ ဝတ်ဆင်တတ်သည့် အလေ့အထများကို သိရှိလိုက်နာ ကျင့်သုံးစေရေး ရည်ရွယ်၍ Mask Campaign ပြုလုပ်ကြောင်းသိရသည်။
ထိုသို့ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါသော ပူးပေါင်းအဖွဲ့မှ ကိုဗစ်- ၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်အပေါ် လိုက်နာကြရန်၊ ပြည်သူများအနေဖြင့် နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်ရေး အသိပညာပေးပြောကြားလျက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးကာ Mask Campaign ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
စိုးဝဏ္ဏထွန်း(ပြန်/ဆက်)