ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ပေါ်ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်

တံတား  စက်တင်ဘာ  ၁၆

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် မိုးရာသီ၌ အများဆုံးဖြစ်ပွားတက်သည့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု လျော့နည်းကျဆင်းစေရေးအတွက် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်မြတ်သင်းခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နေပြည်သူများ၏ အိမ်ခြံဝင်းအတွင်းတွင် စွန့်ပစ်ပစ္စည်းများဖြစ်သည့် အိုး၊ ခွက် အဟောင်းများ သောက်သုံးရေများထားရှိရာ အုတ်ရေကန်များ၊ ရေစည်ရေအိုးများ၌ ပိုးလောက်လန်းများ မရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့အပြင် မိမိတို့နေထိုင်ကြသည့် အဆောက်အဦ၏ ပတ်ဝန်းကျင်တို့တွင် သန့်ရှင်းစေရေးတို့အတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်နိုင်ဝင်း (တံတား)