ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်၊ နောင်တာလောရေလည်ကျွန်းသဲသောင်ပြင်ပေါ်တွင် ကမ်းခြေငယ် အပန်းဖြေစခန်း ဆောင်ရွက်နိုင်ရေးနှင့် မြစ်ဆုံအပန်းဖြေစခန်းအဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ဆွေးနွေးဆောင်ရွက်

မြစ်ကြီးနား စက်တင်ဘာ ၂၀

ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် ကဏ္ဏပေါင်းစုံ၊ နည်းလမ်းပေါင်းစုံဖြင့် ဖော်ဆောင်ပေးရမည်ဖြစ်ပြီး ဒေသတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးအတွက် ခရီးစဉ်ဒေသများ၊ အပန်းဖြေနေရာများကို တိုးချဲ့အကောင်အ ထည်ဖော်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီနှင့် ပြည်နယ်ခရီးသွား လုပ်ငန်းရှင်များအသင်းတို့ အပန်းဖြေစခန်းများ အကောင် အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တိုက်တွန်းပြောကြား သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူတာအို၊ ခေါင်လန်ဖူး၊ ပန်ဝါကဲ့သို့ ရေခဲတောင်များရှိရာ ဒေသများသို့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်နေသကဲ့သို့ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ခရီးသွားအစီအစဉ် အသစ်များ ဖော်ဆောင်နိုင် ရေးအတွက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဆောင်ရွက်သွားမည့် အစီအစဉ်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီ ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း ထပ်ဆင့်မှာကြားသည်။

ထို့နောက် ကချင်ပြည်နယ် ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတူးခေါင်က ပြည်နယ်အတွင်း ခရီးသွား အစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ရေးဆွဲဆောင်ရွက်ထားသည့် အစီအစဉ်များနှင့် မြစ်ဆုံ အပန်းဖြေစခန်းအား အဆင့်မြှင့်တင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ဝိုင်းမော် မြို့နယ်အတွင်း နောင်တာလောရေလည်ကျွန်းသဲသောင်ပြင်ပေါ်တွင် ဧရာဝတီမြစ်ရေကျချိန်၌ အကောင်အထည် ဖော်ဆောင်ရွက်သွားမည့် ကမ်းခြေငယ်အပန်းဖြေစခန်း ဆောင်ရွက်သွားမည့် အစီအစဉ်များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်‌‌ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တင်ပြမှုများ အပေါ် ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့် ဖြည့်စွက်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများကို ဖြည့်စွက်ရှင်းလင်းတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်က အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အပန်းဖြေစခန်းများနှင့် စပ်လျဉ်း၍ မြေပြင်အခြေ အနေကို စနစ်တကျ ကွင်းဆင်းလေ့လာစစ်ဆေးနိုင်ရေး၊ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ သည်။

ကချင်ပြည်နယ်အတွင်း ‌မြစ်ဆုံဒေသသည် မေခနှင့် မလိခမြစ်တို့ ပေါင်းဆုံရာနေရာတစ်ခုဖြစ်ပြီး ပြည်တွင်း၊ ပြည်ပခရီးသွားများအား စွဲဆောင်ရာနေရာတစ်ခုဖြစ်ကာ ယနေ့အစည်းအဝေး၌ နောင်တာလောရေလည်ကျွန်း သဲသောင်ပြင်ကမ်းခြေငယ် အပန်းဖြေစခန်းအစီအစဉ်တွင် သဲသောင်ပြင်ပေါ် ထွန်းချိန်တဲငယ်များဖြင့် ကမ်းခြေ အပန်းဖြေနိုင်ခြင်း၊  ဒေသရိုးရာစားသောက်ဆိုင်များ၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သဘာဝရှုခင်း အလှနှင့် စိုက်ခင်းများကို လှည့်လည်ကြည့်ရှုနိုင်သည့် အစီအစဉ်များ၊ ရေပေါ်စက်ဘီးစီးအစီအစဉ်နှင့် သဲသောင်ပြင် ဘောလုံး၊ ဘောလီဘောပြိုင်ပွဲ များ၊ ကလေးကစားကွင်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)