ရပ်စောက်၌ (၂၃)ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင်ဆုရရှိခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုကြိုဆို

ရပ်စောက် စက်တင်ဘာ ၂၀

ရပ်စောက်မြို့နယ်၌ ရှမ်းပြည်နယ် (၂၃) ကြိမ်မြောက် ပြည်နယ်အဆင့်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုကြိုဆိုပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အမှတ်(၁)၊ အခြေခံပညာအထက်ကျောင်းရှေ့နှင့် ရပ်စောက်-ရွှေညောင်သွား ကားလမ်းမကြီး တစ်လျောက်၌ပြုလုပ်ခဲ့သည်။

ပြည်နယ်အဆင့်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား ရပ်စောက်မြို့ အ-ထ-က(ဗထူး)ကျောင်းမှ ဘင်ခရာတီးဝိုင်းဖြင့်လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများ၊ ဒေသခံပြည်သူများက လမ်းဘေးဝဲယာတစ်​လျောက်အောင်သပြေနှင့် နှင်းဆီပန်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။

ရပ်စောက်မြို့နယ်မှ ရှမ်းပြည်နယ် (၂၃)ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ရပ်စောက်အ-ထ-က(ဗထူး)ကျောင်းက အသက်(၁၀)နှစ်မှ (၁၅)နှစ် အမျိုးသမီးအခြေခံ ကဗျာလွတ် အကပြိုင်ပွဲတွင်(ပထမဆု)ကိုလည်းကောင်း၊ အ-ထ-က(ပင်ဖြစ်) ကျောင်း(Grade-5)မှ မောင်သက်ထွန်းအောင်က အတီး၊ အမှုတ်ပြိုင်ပွဲတွင် ပုလွေမှုတ်(ဒုတိယဆု)ကိုလည်းကောင်း ဆွတ်ခူးရရှိခဲ့ကြပြီး အ-ထ-က(ဗထူး) ရပ်စောက်မြို့ ကဗျာလွတ်အကအဖွဲ့သည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်မှ ၁၇ ရက်နေ့အထိ နေပြည်တော်တွင်ကျင်းပပြုလုပ်မည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟို)အဆင့်တွင် ရှမ်းပြည်နယ်ကိုယ်စားပြု ဆက်လက်ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ဆုမွန်(မြို့နယ်ပြန်/ဆက်)