ဂွ စက်တင်ဘာ ၁၉
ဂွမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်းဆောင်ရွက်မည့် နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များရေးဆွဲရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်က မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ အစည်းအဝေးပြုလုပ်ပြီး တင်ပြခဲ့သည့် လုပ်ငန်းများအနက် အားနည်းချက်၊ အားသာချက်များ တွေ့ရှိခဲ့ရကြောင်း၊ ယခုနှစ်တွင်လည်း ထိုကဲ့သို့သော အချက်များမဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် စီမံကိန်းရေးဆွဲရေး ဦးစီးဌာနသို့ အချိန်မီပေးပို့ တင်ပြစေလိုကြောင်း၊ သောကြာနေ့တိုင်းလည်း ဌာနများ၏ တည်ဆောက်ရေးလုပ်ငန်းများတိုးတက်မှု အခြေအနေကို သက်ဆိုင်ရာဌာနများက တင်ပြပေးလျက်ရှိကြောင်း၊ ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ အားနည်းချက်၊ အားသာချက်များ၊ လုပ်ငန်းများ ၁၀၀%ပြီးစီးရေးနှင့် အရည်အသွေပြည့်မီစွာ ဆောင်ရွက်နိုင်ရေးတို့ကို သက်ဆိုင်ရာ ကုမ္ပဏီများအား တွန်းအားပေး မှာကြားခဲ့ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အတွင်း ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ဌာနအလိုက် တင်ပြထားသည့် တည်ဆောက်ရေးလုပ်ငန်းများကို တက်ရောက်လာသည့် ဌာနဆိုင်ရာများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သက်ဆိုင်ရာဌာနများက မိမိတို့ဌာနအလိုက် တင်ပြထားသည့် တည်ဆောက်ရေး လုပ်ငန်းများအား အသီးသီးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူးက ပြန်လည်အကြံပြု ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်